*ခေါင်းဆောင်မှုဆိုတာ*

ခေါင်းဆောင်မှုဆိုတာ

===================
===================

ဘောလုံးအသင်း တစ်သင်း၊ ကုမ္ပဏီ တစ်ခုကနေ နိုင်ငံအဆင့်အထိ အောင်မြင်နေတဲ့ အဖွဲ့အစည်းတိုင်းမှာ အမြဲတမ်း ရှိနေတတ်တာဟာ သိပ်တော်တဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ လူတွေကတော့ ဒီလူတွေပဲ ဆိုပေမယ့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်သွားတာနဲ့ အဖွဲ့အစည်းရဲ့ ရလဒ်တွေ တခြားစီ ဖြစ်ကုန်ကြတဲ့ သာဓကတွေ မြောက်မြားစွာ ရှိပါတယ်။ ဒါတွေဟာ ခေါင်းဆောင်မှုရဲ့ အရေးကြီးပုံကို ပြသနေတာပဲ ဖြစ်ပါတယ်။

လေးစားရတဲ့ ဆရာ တစ်ယောက်က ပြောဖူးတယ်၊ ကမ္ဘာကို ကိုင်လှုပ်နေတာ Generalist တွေ ပါတဲ့။ နိုင်ငံတော် သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ ခေါင်းဆောင်တွေဟာ ပညာရပ် တစ်ခုတည်းကို ထဲထဲဝင်ဝင်၊ ကျွမ်းကျွမ်း ကျင်ကျင်သိတဲ့ Specialist တွေ မဟုတ်ကြပါဘူး။ ကဏ္ဍအားလုံးကို နားလည် သဘောပေါက်ပြီး ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်နေကြတဲ့ Generalist တွေ ဖြစ်ပါတယ်။

Knowledge နဲ့ Skill ဘာကွာသလဲ ဆိုရင် Knowledge ဆိုတာက “Knowing what to do” ဘာလုပ်ရမလဲ ဆိုတာကို သိခြင်းဖြစ်ပြီး Skill ဆိုတာကတော့ “Knowing how to do” ဘယ်လိုလုပ်ရမယ် ဆိုတာကို သိခြင်း ဖြစ်ပါတယ်။ ဥပမာ ကျန်းမာရေး အဖွဲ့အစည်း တစ်ခုကို ဦးဆောင်မယ့်လူဟာ ဘယ်ဒေသမှာတော့ ဘာရောဂါတွေ ဖြစ်နေတယ်။ ဘာလုပ်ဖို့လိုတယ် စသဖြင့် ပေါ်လစီ ချပေးနိုင်ဖို့ လိုပါတယ်။ သူချပေးလိုက်တဲ့ လုပ်ငန်းစဉ် တစ်ရပ်ကို ဘယ်လိုလုပ်ရမယ် ဆိုတာကို အသေးစိတ်သိတဲ့၊ တတ်ကျွမ်း နားလည်တဲ့ Specialist များက အကောင်အထည်ဖော် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

Leaders do the right things.

Others do the things right.

ခေါင်းဆောင်များဟာ မှန်ကန်တဲ့ အလုပ်၊ တစ်နည်းအားဖြင့် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်များကို လုပ်ကြရသူတွေဖြစ်ပြီး၊ နောက်လိုက်များကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ကြ ရတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်း ဖြစ်ချင်တဲ့ သူတွေဟာ ကိုယ့်နားမှာ လူတော်တွေ၊ တစ်နည်းအားဖြင့် ပြောရရင် Specialist တွေ ၀န်းရံနေအောင် လုပ်ထားနိုင်ဖို့ လိုပါတယ်။ နေရာ ဖယ်ပေးရမှာ စိုးပြီး လူတော်ကို ကြောက်နေလို့ မရပါဘူး။ လူတော်တွေ မွေးထုတ်ပေးနိုင်ရမယ်၊ လူတော်တွေကို ချစ်တတ်ရမယ်၊ ချီးမြှင့် မြှောက်စားရမယ်၊ နောက်ပြီး ကိုယ့်နောက်မှာ အမြဲတမ်း ရှိနေအောင်လည်း စည်းရုံး သိမ်းသွင်းနိုင်ဖို့ လိုပါတယ်။ ခေါင်းဆောင်ဟာ သူ့ဟာသူ ဘယ်လောက်ကြီးပဲ တော်နေပါစေ သူ့နောက်မှာ လူတော်အစုအဖွဲ့ မရှိရင် ဘယ်လိုမှ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။

တကယ်တော့ ခေါင်းဆောင်မှုဆိုတာ ပစ္စည်းတွေ အပြည့်တင်ထားတဲ့ လှည်းတစ်စီးကို လိုချင်တဲ့နေရာ အရောက် ပို့ပေးနိုင်ဖို့ ကြိုးစားရသလိုပါပဲ။ ခေါင်းဆောင်ဟာ ဒီလှည်းကြီးကို လမ်းမှန်ပေါ်မှာ ရှိနေအောင် ဦးဆောင် လမ်းညွှန်ပေးရသူ ဖြစ်ပါတယ်။ ကိုယ်တိုင် ၀င်တွန်းနေလို့ မရပါဘူး။ ခေါင်းဆောင် ဖြစ်တဲ့သူဟာ ဘယ်လမ်းကသွားရင် အနီးဆုံး ဖြစ်မယ်ဆိုတဲ့ လမ်းကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ဒီအတွက် မရှိမဖြစ် လိုလာတာက နောက်လိုက်တွေထက် ပိုဝေးဝေး မြင်နိုင်တဲ့ စွမ်းအား ဖြစ်ပါတယ်။

နောက်တစ်ခုက ကိုယ်တစ်ယောက်တည်း မြင်နေလို့လည်း မရသေးဘူး၊ ကိုယ်မြင်သလို နောက်လိုက်တွေလည်း မြင်လာအောင်၊ ကိုယ်ခံယူသလို၊ ကိုယ်မျှော်မှန်းထားသလို သူတို့တွေ တစ်ထပ်တည်း ခံယူလာအောင်၊ မျှော်မှန်းလာအောင် ဆက်သွယ် ပြောဆိုနိုင်ဖို့လည်း လိုပါတယ်။ ဒါမှလည်း ကိုယ့်နောက်လိုက်တွေဟာ ဒီအလုပ် လုပ်ရတဲ့အတွက် စိတ်ကျေနပ်မှု ရှိမှာပါ။ လုပ်ချင်ကိုင်ချင်စိတ် အပြည့်နဲ့ တက်ကြွနေတော့မှာပါ။

နေပူပူထဲမှာ ဒီလှည်းကြီးကို တွန်းနေရတယ်၊ လှည်းပေါ်မှာ ထိုင်နေတဲ့ ခေါင်းဆောင်ကတော့ သူတို့လှည်း ဘယ်နေရာ ရောက်နေပြီ၊ ဘယ်လောက် ဝေးသေးတယ်၊ ဘယ်လောက် ဆက်သွားရဦးမယ် မြင်နေပေမယ့် နောက်က တွန်းနေရတဲ့ နောက်လိုက်တွေကတော့ ဒါတွေ မြင်မနေရပါဘူး။ ကြာလာတဲ့ အခါကျတော့ လုပ်သာလုပ်နေရတယ် ဘာမှလည်း မထူးပါဘူးဆိုပြီး စိတ်ဓာတ် ကျလာတတ်ပါတယ်။ အဲဒီအတွက် ခေါင်းဆောင် လုပ်တဲ့သူဟာ သူတို့မျှော်မှန်းထားတဲ့ အနာဂတ် ရည်မှန်းချက်ကို အမြဲတမ်း သက်ဝင် လှုပ်ရှားနေအောင် လှုံ့ဆော်ထားနိုင်ဖို့ လိုပါတယ်။ အဲဒါမှ ကိုယ်တကယ် မျှော်မှန်းထားတဲ့ နေရာကို အားလုံးရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ အရောက် သွားနိုင်မှာ ဖြစ်ပါတယ်။

ခေါင်းဆောင် ဆိုတာဟာ ရာထူးတစ်ခု မဟုတ်ပါဘူး။ တာဝန် တစ်ရပ်သာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေမှာ ပါဝါ နှစ်မျိုးနှစ်စား ရှိပါတယ်။ ကိုယ်ရထားတဲ့ ရာထူးကြောင့် ဖြစ်လာတဲ့ ‘Positional power’ နဲ့ ကိုယ့်ရဲ့ ကိုယ်ရည် ကိုယ်သွေးကြောင့် ရလာတဲ့ ‘Personal power’ တွေပဲ ဖြစ်ပါတယ်။ Positional power အရ သူတို့မှာ အပြစ်ပေးပိုင်ခွင့် ရှိတယ်။ အမိန့် ပေးပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ဒီပါဝါတွေဟာ ရာထူး ပျောက်သွားတဲ့နေ့မှာ သူတို့လည်း ပျောက်ဆုံး သွားတတ်ပြီး နောက်လိုက်တွေ အပေါ်မှာလည်း ကြီးမားတဲ့ လွှမ်းမိုးမှု ဖြစ်မလာပါဘူး။ ရှေ့တင်တော့ မကောင်းတတ်လို့ နာခံနေပေမယ့် နောက်ကွယ်မှာကျ သူကတော့ လှည်းပေါ်မှာ ထိုင်နေတယ်၊ ငါတို့ကျတော့ နောက်ကနေ ပင်ပန်းတကြီး တွန်းနေရတယ် ဆိုပြီး ပြောကြမှာပါ။ ဒါကြောင့် ခေါင်းဆောင် တစ်ယောက်မှာ အရေးကြီးတာက Personal power ဖြစ်ပါတယ်။

အဲဒီမှာမှ ကိုယ့်ရဲ့ အရည်အချင်းကြောင့် ရလာတဲ့ ‘Expert power’ နဲ့ ကိုယ့်ရဲ့ စိတ်ဓာတ်၊ ခံယူချက် ကောင်းတာတွေကြောင့် နောက်လိုက်တွေ စိတ်ထဲ ချစ်ခင်နှစ်သက်ပြီး လိုက်တုပ ချင်လာစေတဲ့ ‘Referent power’ ဆိုပြီး ထပ်ရှိပါသေးတယ်။ ခေါင်းဆောင် ဆိုတာဟာ နောက်လိုက်တွေ အပေါ်မှာ လွှမ်းမိုးနိုင်ရပါမယ်။ အဲဒီအတွက် ငါက ဘာရာထူး၊ နင်က ဘာအဆင့် လုပ်နေလို့ မရပါဘူး။ စစ်မှန်တဲ့ လွှမ်းမိုးမှု ဆိုတာဟာ ရာထူးကနေ မလာပါဘူး။ အရည်အချင်းကနေသာ လာပါတယ်။ အသက် ငယ်ငယ်နဲ့ ရာထူးတစ်ခု ရထားတဲ့ အခါမှာ ဖြစ်တတ်ကြတဲ့ “ကိုယ့်ထက်လုပ်ငန်းခွင် အရင်ရောက်နေတဲ့ သူတွေဆီက လေးစားမှု မရဘူး” ဆိုတဲ့ ကိစ္စဟာ ဒါကြောင့်ပါ။ Personal power ရလာအောင် ကြိုးစားဖို့ လိုပါတယ်။ အဲဒီပါဝါသာ ရှိနေရင် ဘယ်သူကမှ ကိုယ့်ကို လှည်းလာ မတွန်းလို့ဆိုပြီး အပြစ်တင်နေမှာ မဟုတ်သလို၊ ကိုယ်က လာတွန်းပေးမယ် ဆိုရင်တောင် အားလုံးက ၀ိုင်းတားကြမှာပါ။ ဘာလို့ဆိုတော့ ဒီခေါင်းဆောင် နေရာမှာ သူသာမရှိရင် ဒီလှည်းကြီးဟာ ဘယ်ကိုမှ မရောက်နိုင်ဘူးလို့ အားလုံးက သဘော ပေါက်ထားကြလို့ပါပဲ။

ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး စာအုပ်တွေ ရေးသား၊ ဟောပြောချက်တွေ ပို့ချနေတဲ့ John C. Maxwell ကတော့ ခေါင်းဆောင်မှုကို စကားလုံး တစ်လုံးတည်း ပြောပါဆိုရင် ခေါင်းဆောင်မှုဆိုတာ လွှမ်းမိုးနိုင်မှုပါပဲ (Leadership is influence) တဲ့။

ခေါင်းဆောင်မှုမှာ အဆင့် (၅) ဆင့် ရှိပါတယ်။ ပထမ အဆင့်ကတော့ ကိုယ့်ကို ပေးထားတဲ့ ရာထူးကြောင့် ရလာတဲ့ လွှမ်းမိုးနိုင်စွမ်းပါ။ ဒီအဆင့်ကတော့ ခေါင်းဆောင် တစ်ယောက်အတွက် တကယ့် အခြေခံ အဆင့်လို့ ပြောလို့ရပါတယ်။ အဲဒီကနေ တစ်ဆင့်တက်ရင် နောက်လိုက်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တစ်ရပ်၊ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုရှိတဲ့ ဆက်ဆံရေး တစ်ရပ် တည်ဆောက်နိုင်ခဲ့လို့ ရလာတဲ့ လွှမ်းမိုးမှုပါ။ တတိယ တစ်ဆင့်ကတော့ ကိုယ်ဟာ အဖွဲ့အစည်းကို အောင်မြင်မှုတွေ ရယူပေးနိုင်စွမ်း ရှိသူမို့ နောက်လိုက်တွေက ကိုယ့်နောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်လာတာ။ ကိုယ့်နောက်လိုက်တွေကိုပါ ခေါင်းဆောင်နိုင်စွမ်း ရှိလာအောင်၊ သူတို့တွေပါ ခေါင်းဆောင် ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ခဲ့မယ် ဆိုရင် အဲဒါ ခေါင်းဆောင်မှု အဆင့် (၄) ဖြစ်သွားပြီးတော့ အဲဒီလို အဆင့် (၄) ခေါင်းဆောင်မျိုးကို မွေးထုတ်ပေးနိုင်တဲ့သူ၊ ခေါင်းဆောင်များရဲ့ ခေါင်းဆောင်ကိုတော့ အဆင့်အမြင့်ဆုံး ခေါင်းဆောင်အဖြစ် သတ်မှတ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်း ဖြစ်ချင်တဲ့သူဟာ ကိုယ့်မှာ ဘာလုပ်ပိုင်ခွင့်တွေ ရှိတယ် ဆိုတာထက် ကိုယ့်မှာ ဘယ်လို ကိုယ်ရည် ကိုယ်သွေးတွေ ရှိသလဲ ဆိုတာကိုသာ အမြဲ ဆန်းစစ်နေရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Leadership ဆိုတဲ့ ခေါင်းဆောင်မှုကို အနှစ်ပြန်ချုပ်ရရင် ခေါင်းဆောင်မှု ဆိုတာဟာ အဖွဲ့အစည်း တစ်ရပ်ကို ကျစ်လျစ် ခိုင်မာစွာနဲ့ စနစ်တကျ ဖြစ်အောင် လမ်းညွှန်ပေးပြီး ရည်မှန်းချက် တစ်ခု အောင်မြင်အောင် လုပ်ဆောင်ပေးရတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

ဒီအတွက် ခေါင်းဆောင် လုပ်မယ့်သူဟာ ဘာလုပ်ရင် အကောင်းဆုံး ဖြစ်မယ်ဆိုတဲ့ အသိရှိဖို့ လိုပါတယ်။ ဝေးဝေး မြင်နိုင်ဖို့၊ Vision ရှိဖို့ လိုတယ်။ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။

အဲဒီ Vision ကို နောက်လိုက်တွေ ပါသိအောင် စည်းရုံး ပြောဆိုနိုင်ဖို့ လိုပါတယ် (Sharing the vision)။ အပြောအဟော ကောင်းရမယ် (Leadership communication)။ နောက်လိုက်တွေရဲ့ စိတ်ဓာတ်ကို တက်ကြွနေစေ ရပါမယ်။ အဲဒီ Vision ကိုလည်း အမြဲတစေ အသက်ဝင်နေအောင် လှုံ့ဆော်နိုင်ရပါမယ်။ အဲဒီ အနာဂတ် ရည်မှန်းချက်ကို အကောင်အထည် ဖော်ပေးမယ့် လူတော် အစုအဖွဲ့ကိုလည်း ပိုင်ဆိုင် ထားရပါမယ်။ နောက်လိုက်တွေ အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိရမယ်။ အဲဒီအတွက် ကိုယ့်မှာ ကိုယ်ရည် ကိုယ်သွေး ထက်မြက်ဖို့ လိုပါတယ်၊ Personal power ရှိ ရပါမယ်။

ဒါကြောင့် ခေါင်းဆောင်မှု ဆိုတာဟာ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်စွမ်း (Change)၊ စိတ်ဓာတ် လှုံ့ဆော်မှု (Motivaton)၊ သက်ဝင် လှုပ်ရှားစေမှု (Inspiration) နဲ့ လွှမ်းမိုးမှု (Influence) ဆိုတဲ့ ဒေါက်တိုင် လေးခုကို အခြေပြုပြီး အကောင်အထည် ဖော်နေရတဲ့ လုပ်ငန်းစဉ် တစ်ခုပဲ ဖြစ်ပါတယ်။

Writer:
ဒေါက်တာဖြိုးသီဟကိုCreditပေးပါတယ် Respectပါ ကျွန်တော့်BloggလေးကနေCopyယူတင်တာပါလွတ်လပ်စွဖောင်းထုနိုင်ပါသည်😊
🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲

Comments

Popular posts from this blog

"ITစာအုပ်မဲ့နည်းပညာစာအုပ်များ"

📲 iOS နဲ့ Android ဆိုတာ ဘာလဲ ☎

💻ကွန်ပျူတာကို_ဆရာကျကျ_အသုံးပြုချင်သူများအတွက် 💻